Prefabrication နဲ့ ဆောက်လုပ်ခြင်းရဲ့ အကျိုးကျေးဇူးများ

ယခင်အပတ်က Cloud9 အနေနဲ့ Prefab ရဲ့ သမိုင်းကြောင်းကို အနည်းငယ်ရှင်းပြပေးခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ Prefab နဲ့ဆောက်လုပ်ခြင်းအတွက် ရရှိနိုင်တဲ့ အကျိုးအမြတ်တွေကို အနည်းငယ်ရှင်းပြချင်ပါတယ်။

1)         စွမ်းအင်သက်သာခြင်း

အပိုင်းလိုက်တည်ဆောက်တဲ့ ဆောက်လုပ်ရေးတွေဟာ အထူးသဖြင့် စွမ်းအင်သက်သာတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေအဖြစ် လူသိများပါတယ်။ သာမန်ဆောက်လုပ်ရေး ပုံစံတွေမှာ ပိုမိုများပြားတဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေကြောင့် ကုန်ကျစရိတ်ပိုမိုစေပါတယ်။ ဒါပေမယ့် Prefab ရဲ့ အသင့်သုံး တပ်ဆင်အစိတ်အပိုင်းတွေကတော့ စက်ရုံအလုပ်ရုံမှာ တည်ဆောက်ပြီး ဖြစ်တာကြောင့် အပိုကုန်ကျမှုမရှိပဲ၊ လူ၊ ငွေအင်အားနှစ်မျိုးလုံးရဲ့ စွမ်းအင်တွေကို ချွေတာနိုင်မှာပါ။

2)         စျေးနှုန်းသက်သာခြင်း

Prefab ဆောက်လုပ်ရေးတွေရဲ့  အဓိကအားသာချက်ကတော့ ငွေကုန်ကြေးကျသက်သာမှုပါ။ တချို့မြေရှင်တွေက စျေးပိုကြီးတယ်လို့ထင်ကြပေမယ့်၊ Prefabricate ဒါမှမဟုတ် Modular ဆောက်လုပ်ရေးတွေဟာ စျေးနှုန်း၊ ကုန်ကျစရိတ်ကို အတိအကျတွက်နိုင်တဲ့ အားသာချက်ကြောင့် ပိုမိုသက်သာတဲ့ ရွေးချယ်မှုတွေပြုလုပ်နိုင်ပြီး စျေးနှုန်းပိုမိုသက်သာလေ့ရှိပါတယ်။ Prefab ပစ္စည်းထုတ်လုပ်သူတွေက Material Supplier တွေကနေ လျှော့စျေးနဲ့ ရရှိတတ်တာကြောင့်လည်း သက်သာနိုင်တာပါ။ ဒီလိုအားသာချက်တွေကြောင့် သာမန်ဆောက်လုပ်ရေးလုပ်ငန်းတွေထက် စျေးနှုန်းကို ပိုမိုချွေတာနိုင်တာဖြစ်ပါတယ်။

3)         ပြောင်းလွယ်ပြင်လွယ်ရှိခြင်း

Prefab နည်းပညာသုံး ဆောက်လုပ်ရေးအနေနဲ့ အလွယ်တကူ ဖြုတ်နိုင်တပ်နိုင်ပြီး တခြားနေရာတွေကို ရွှေ့ပြောင်းနိုင်ပါတယ်။ ဒါကြောင့် ကုန်ကြမ်းပစ္စည်းကုန်ကျမှု၊ အလုပ်အင်အားချွေတာနိုင်မှု၊ အချိန်စတာတွေကို အလွယ်တကူပဲ လျှော့ချပစ်နိုင်ပါတယ်။

4)         အရည်အသွေးထိန်းသိမ်းထားနိုင်ခြင်း

အစိတ်အပိုင်းထုတ်လုပ်မှုတွေကို သတ်မှတ်အဆင့်အတန်းတွေနဲ့ ထုတ်လုပ်တာကြောင့် အစိတ်အပိုင်းတွေကို တူညီတဲ့ အရည်အသွေးရှိအောင် ထိန်းသိမ်းထားနိုင်ပါတယ်။ Prefab လုပ်ဖို့ အစိတ်အပိုင်းတွေကို အတွေ့အကြုံရင့် ဝန်ထမ်းတွေနဲ့ ရာသီဥတုဒဏ်ကာကွယ်ပေးတဲ့ စက်ရုံမှာ ထုတ်လုပ်ထားတဲ့အပြင်၊ ထုတ်လုပ်ရေးအဆင့်တိုင်းမှာလည်း သတ်မှတ်အရည်အသွေးစစ်ဆေးချက်တွေ ကျော်ဖြတ်ရတာကြောင့် အစိတ်အပိုင်းတိုင်းကို သတ်မှတ်အရည်အသွေးနဲ့ ပြည့်မီအောင် ထုတ်လုပ်နိုင်တာပါ။ 

5)         ဆောက်လုပ်ရေးဆိုင်ရာ ညစ်နွမ်းမှုများကို လျှော့ချနိုင်ခြင်း

အစိတ်အပိုင်းတွေကို စက်ရုံမှာ အပြီးပြုလုပ်တာကြောင့် နောက်ဆုံး ဆောက်လုပ်ရေးတည်နေရာကို ပို့ဆောင်ရတဲ့ Equipment၊ Material Supplier တစ်ဦးစီထံမှ ယာဉ်ကြီးတွေကနေ ဖြစ်ပေါ်စေတဲ့ ယာဉ်ကျောပိတ်ဆို့မှုအားလုံးကို လျှော့ချနိုင်ပါတယ်။ အဲ့ဒီအပြင် သာမန်ဆောက်လုပ်ရေးတွေမှာ ဖြစ်ပေါ်လေ့ရှိတဲ့ ဆူညံသံတွေ၊ မြေ၊ ရေ၊ လေ ညစ်ညမ်းမှုတွေ၊ အမှိုက်သရိုက်နဲ့ အခြား အနှောင့်အယှက်တွေကိုလည်း မရှိသလောက် လျှော့ချပစ်နိုင်ပါတယ်။

6)         ဆောက်လုပ်ချိန်သက်သာခြင်း

Prefab ဆောက်လုပ်ရေးတွေဟာ လုပ်ငန်းခွင်ဆောက်လုပ်မှုအချိန်ကို သိသိသာသာ လျော့ကျစေပါတယ်။ Prefabrication ဆောက်လုပ်ရေးတော်တော်များများက သာမန်ဆောက်လုပ်ရေး လုပ်ငန်းခွင်နဲ့ ယှဉ်လိုက်ရင် အချိန် ထက်ဝက်ထိကို သက်သာစေပါတယ်။ အစီအစဉ်ကောင်းကောင်းလုပ်နိုင်မှု၊ ရာသီဥတု၊ အစိတ်အပိုင်းထုတ်လုပ်သူရဲ့ စောစီးတာ၊ နောက်ကျတာပေါ်မူတည်ပြီး အစိတ်အပိုင်းအများစုကို တပြိုင်တည်းတည်ဆောက်နိုင်ပါတယ်။ ဆောက်လုပ်ရေးအချိန်တိုတောင်းတာကြောင့်အခြား ပရောဂျက်တွေအပေါ် အချိန်ကို ဦးစားပေးနိုင်ပါတယ်။

7)         လုံခြုံရေး

အစိတ်အပိုင်းအားလုံးကို စက်ရုံရဲ့ ခြောက်သွေ့တဲ့ ပတ်ဝန်းကျင်၊ သတ္တုတွေနဲ့ ပြုလုပ်ထားတာကြောင့် စိုထိုင်းဆ၊ ပတ်ဝန်းကျင်အန္တရာယ်နဲ့ ညစ်ညမ်းမှုတွေနဲ့ ပတ်သတ်တဲ့ ပြသနာတွေကို လျှော့ချနိုင်ပါတယ်။ အလုပ်သမားတွေအနေနဲ့ ရာသီဥတုအခြေအနေ၊ လုပ်ငန်းခွင်အခြေအနေ၊ မြေအပြောင်းအလဲ၊ လေနဲ့ အခြားအလုပ်သမားတွေကြောင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဖြစ်ပေါ်တတ်တဲ့ အန္တရာယ်တွေကိုလည်း လျော့ကျစေနိုင်ပါတယ်။

သုံးသပ်ချက်

Prefab ဆောက်လုပ်ရေးနည်းပညာဟာ ပိုပြီးခေတ်စားလာတဲ့အပြင်၊ တည်ဆောက်လိုသူတွေအနေနဲ့လည်း အရည်အသွေးပိုကောင်း၊ ပိုမြန်၊ စျေးပိုသက်သာပြီး ပိုအဆင်ပြေတဲ့ ဆောက်လုပ်ရေးနည်းလမ်းတွေကို ရွေးချယ်လာနိုင်ပါပြီ။

Recent Post